၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျရောက်သော မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ကြီးမှူးကျင်းပသည့် “The 5th International Conference on Advanced Information Technologies (ICAIT 2024)” ဖွင့်ပွဲကို ရန်ကုန်မြို့ MICT Park (Conference Hall) တွင် နိုဝင်ဘာလ (၇) ရက်၊ နံနက် (၉:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သော ညီလာခံသည် နည်းပညာ အသစ်များ၊ အတွေးအခေါ် အသိပညာများမျှဝေ ဖလှယ်မှုပြုနိုင်သည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ Vellore Institute of Technology (VIT)တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မည် ဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၏ သင်ကြားရေးနှင့် သုတေသန ဆောင်ရွက်နေမှုများ၏ အရေးပါသော အခန်းကဏ္ဍများကို အလေးပေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်က အမှာ စကား ပြောကြားခဲ့ပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီး ပြောကြားခဲ့ကြသည်။
စာတမ်းဖတ်ပွဲတွင် ဂျပန်နိုင်ငံ၊ Waseda University ၏ Professor Dr. Osamu Yoshie မှ Beyond the border – How can we utilize advanced information technologies in manufacturing? ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ၊ School of Computer Science and Engineering, Vellore Institute of Technology, Chennai မှ Dean ဖြစ်သူ Dr. R. Ganesan မှ Cybersecurity and Privacy in Information Systems ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ၊ GSFC University, Vadodara, Gujarat မှ Vice Chancellor Prof. G.R Sinha မှ Video Conferencing ဖြင့် Decoding Mindfulness using Computational Intelligence ခေါင်းစဉ်ဖြင့်လည်းကောင်း Keynote Speech အစီအစဉ်များတွင် Academic နှင့်Industries တို့မှ သုတေသနပြုချက်များပေါ် အခြေခံ၍ ဟောပြောခဲ့ကြပါသည်။
ထို့နောက် ICAIT 2024 ညီလာခံတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အနေဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(UIT)မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ Vellore Institute of Technology(VIT)၊ School of Computer Science Engineering ၏ Dean ဖြစ်သူ Dr. R. Ganesan တို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤပူးပေါင်း ဆောင်ရွက်မှုသည် တက္ကသိုလ်နှစ်ခုကြား ပညာရေးဖလှယ်မှု၊ သုတေသန ပူးပေါင်းဆောင်ရွက်မှုနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဖလှယ်မှု မြှင့်တင်ရန် ရည်ရွယ်သည်။
အခမ်းအနားသို့ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့မှ ပါမောက္ခများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းများနှင့် အင်ဂျင်နီယာအသင်းများမှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချူပ်များ၊ သုတေသီများနှင့် စာတမ်းဖတ်ကြားသူများ တက်ရောက်ခဲ့ပြီး သုတေသနစာတမ်းပေါင်း (၄၀)စောင် တင်သွင်းဖတ်ကြားခဲ့ကြကြောင်းနှင့် ညီလာခံ ဖြစ်မြောက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် IT ကုမ္ပဏီများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။